လက်မှာဖြစ်နိုင်တဲ့ ဘယ်ယားနာမျိုးကို မဆို လက်ယားနာလို့ ခေါ်တယ်။
ဘာကြောင့် တခြားယားနာတွေလို နာမည် သတ်သတ်မှတ်မှတ် မရှိတာလဲလို့ မေးစရာရှိတယ်။
အဖြေက လက်ယားနာတွေဟာ အလုပ်အကိုင်၊ အနေအထိုင်တွေနဲ့ ဖြစ်ပွားရာမှာ ပတ်သက်မှု ရှိတယ်။ ဒါကြောင့် ကုသမှုမှာလည်း ဒီအချက်တွေကို ထည့် သွင်းစဉ်းစားရလို့ပါ။
လက္ခဏာတွေ
အစပိုင်းမှာ လက္ခဏာတွေက သိပ်မသိသာလှ ဘူး။ နည်းနည်းဖြစ်လိုက် ပျောက်သွားလိုက် ဖြစ်တတ် တယ်။ ဂရုမစိုက်ရင်၊ မကုရင် တဖြည်းဖြည်း ပိုဆိုးလာ တယ်။
– လက်တွေ ခြောက်နေတယ်။
– နောက်မှာတော့ အနီရောင်အဖတ်ကွာတဲ့ ယားနာ အကွက် ပေါ်လာတယ်။
– အရည်ကြည်ဖု ပေါ်နိုင်တယ်။ အရည်ထွက်ပြီး ကွဲအက်တတ်တယ်။
– ပြည်ဖု၊ အနာဖေး စတာတွေ တက်ရင် နာတယ်။
– လက်ကနေ လက်ဖျံ၊ ခြေထောက် စတာတွေ အထိ ဖြစ်နိုင်တယ်။
– ဖြစ်တာသိပ်ကြာရင် လက်သည်းထွက်တာ မညီ ညာဘဲ တွန့်နေတတ်တယ်။
– Dyshidrotic Eczema ခေါ်တဲ့ လက်ယားနာ တစ်မျိုးမှာတော့ အရမ်းယားပြီး သာကူစေ့လို အရည်ကြည်ဖုငယ်တွေ လက်ဖဝါး၊ လက် ချောင်းဘေးနဲ့ ခြေဖဝါးတွေမှာ ဖြစ်တတ်တယ်။ ဒီယားနာမှာ အထက်ပါလက္ခဏာတွေအပြင် လက်ဖဝါးတစ်ခုလုံး ယားယံပြီး ပူနေတတ် တယ်။ ယားနာပျောက်သွားတဲ့အခါ အရေခွံ လဲသလို အဖတ်တွေ ကွာပါတယ်။ မကြာခင် ဘဲ အရည်ကြည်ဖုငယ် တွေ ပြန်ပေါ်လာတယ်။ ဒီလိုနဲ့ သံသရာလည်နေ တတ်တယ်။
ဘယ်သူတွေ ဖြစ်တတ်သလဲ
လူတစ်ရာမှာ ဆယ်ယောက် နှုန်းလောက်ဟာ လက်ယားနာ ပုံစံတစ်မျိုးမျိုး ဖြစ်နိုင်တယ်တဲ့။ မွေးကင်းစမှ သက်ကြီး ရွယ် အိုအထိ အရွယ်စုံဖြစ်နိုင်ပြီး အသက် ၂ဝ နဲ့ ၄ဝ ကြားမှာ အများဆုံး ဖြစ်ပွားလေ့ရှိတယ်။ မိန်းမတွေက အများစုပါ။ ဒါကလည်း အလုပ်အကိုင် အနေအထိုင်နဲ့ ဆိုင်လို့ပါ။ အမျိုးသမီးတွေက အိမ်မှုကိစ္စ တွေအတွက် ရေကိုင်တာ ပို များတာ၊ ကလေးထိန်းလို့ ဝေယျာဝစ္စများတာ၊ အလှကုန် နဲ့ ဆံပင်ပြုပြင်မှုအတွက် ဓာတု ပစ္စည်းများနဲ့ ထိတွေ့မှု ပိုများ တာ စတာတွေကြောင့်ပါ။ အေတိုးပစ်ယားနာ အခံရှိသူ တွေဟာလည်း လက်ယားနာ အမြဲဖြစ်တတ်ပါတယ်။
ဖြစ်ပွားသည့်အကြောင်းရင်း
အတိအကျပြောဖို့ ခက်ပေမဲ့ အကြောင်းအရင်းတစ်ခုတည်း ကြောင့် သတ်သတ်မှတ်မှတ်ဖြစ်တာ မဟုတ်ဘူး။ အကြောင်း ရင်း များစွာ ပေါင်းစပ်ဖြစ်ပွားတာပါ။ မျိုးရိုးဗီဇ၊ အရေပြား တုံ့ပြန်မှု၊ အလာဂျီနဲ့ လက်အသားအရေကို ဂရုစိုက်မှုနည်းတာ တွေ အားလုံးပါဝင်ပါတယ်။
ဗီဇအခံရှိသူတွေ ယားနာပိုဖြစ်လွယ်တယ်။ ဒါက ရှင်း တယ်။ နေ့စဉ် ကိုင်တွယ်နေတဲ့ အရာဝတ္ထုတွေ၊ လက်ဆေးတာ များတာ၊ ဆပ်ပြာ၊ အရက်ပြန်ကိုင်တာ များတာတွေက အရေပြား တုံ့ပြန်မှု ပိုများစေတယ်။ ဒီလိုပဲ ရာဘာ၊ ဓာတုပစ္စည်း စတာ တွေကို အလာဂျီရှိရင် လက်ယားနာပိုဖြစ်လွယ်တယ်။ ဗီဇအခံရှိရင် ပိုဆိုးပါတယ်။
နှီးနွှယ်သောအချက်များ
အလုပ်အကိုင်အရ တစ်ခုခုနဲ့ အမြဲထိတွေ့နေသူတွေ၊ ဓာတု ပစ္စည်းတွေ၊ အရက်ပြန်၊ သနပ်ခါး၊ ပေါင်ဒါစတဲ့ အသားခြောက် စေတာတွေက လက်ယားနာကို ပိုဆိုးစေတယ်။ ပန်းနာရင်ကျပ်၊ နှာချေခြင်း၊ အေတိုးပစ်ယားနာအခံရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ချွေးထွက်များခြင်း၊ အရေပြားရောဂါ အခံရှိခြင်းစတဲ့ အချက် တွေ အားလုံးကလည်း လက်ယားနာ ပိုအဖြစ်များ၊ ပိုဆိုးစေ တတ်တာတွေပါ။ အမျိုးသမီးများမှာ ပိုအဖြစ်များတယ်။ လေထု စိုထိုင်းမှုလျော့ပြီး အသားခြောက်တဲ့ဆောင်းရာသီလို ရာသီ အပြောင်းအလဲတွေမှာလည်း အဖြစ်များတာ တွေ့ရတယ်။
ဖြစ်တဲ့အချိန်ကာလ
ဂရုတစိုက်မကုသရင် မကာကွယ်ရင် လက် ယားနာဟာ အချိန်အကြာကြီး ဖြစ်လေ့ရှိတယ်။ နာတာ ရှည်ပါ။ လူနာတချို့ဆို အပျိုဘဝကတည်းက ဖြစ် လိုက်၊ သက်သာလိုက်နဲ့ ဆရာဝန်နဲ့ ပြဖြစ်တာမျိုးတွေ မကြာခဏ တွေ့ရတယ်။ နာတာရှည်လည်း ဖြစ်၊ လက္ခဏာတွေလည်း အမြဲပြန်ဖြစ် စတာတွေကြောင့် နိစဓူဝကိစ္စတွေကို ထိခိုက်တယ်။ ဘဝအရည်အသွေး (Quality of Life) ကို ကျဆင်းစေတယ်။
ရောဂါသတ်မှတ်ပုံ
အကြောင်းများစွာ ပေါင်းစပ်ဖြစ်ပွားတာကြောင့် အရေပြားဆရာဝန်က မေးခွန်းများစွာ မေးရတယ်။ အလုပ်အကိုင်ပုံစံ၊ နေထိုင်မှုပုံစံ၊ ဘာတွေနဲ့ ထိတွေ့မှု များသလဲ စတာမျိုးတွေပါ။ လက်ကိုလည်း ကြည့်ရှု စစ်ဆေးရတယ်၊၊ လိုအပ်ရင် Patch Test ခေါ် အလာဂျီ စစ်ဆေးမှု ပြုလုပ်ရတယ်။ မှိုဝင်ခြင်းစတာတွေအတွက် အရေပြား ခြစ်ယူစစ်ဆေးခြင်းများလည်း ရှိတယ်။
ကုသမှု
လက်ယားနာဟာ ကုသရခက်တဲ့ ပြဿနာပဲ။ အားလုံးကို တစ်ပုံစံတည်း ကုသလို့မရဘူး။ အသက်၊ အလုပ်၊ ဝါသနာ၊ ထိတွေ့မှုအရာများ၊ ယားနာအတိမ် အနက်၊ ဓာတ်ခွဲစစ်ဆေးချက်အဖြေများ စတာတွေ အားလုံး ပေါင်းခြုံပြီး အစီအစဉ်တကျ ကုသရတယ်။ ယားနာလိမ်းဆေးအမျိုးမျိုး၊ ပိုးသတ်ဆေး၊ ယားနာ ပျောက်ဆေး စတဲ့ သောက်ဆေးတွေအပြင် PUVA ခေါ် ရောင်ခြည်ပြကုသမှု၊ ဘိုတောက်စ်ဆေးထိုး ကုသမှုစတာတွေ ရှိတယ်။ ပြန်မဖြစ်အောင် လက်ကို ထိန်းသိမ်းဂရုစိုက်နည်းတွေလည်း သင်ကြားပေးရတယ်။
ကာကွယ်ခြင်းနဲ့ အနေအထိုင်ပုံစံ
– ရေစိုဓာတ်ထိန်းခရင်မ်များကို များများနဲ့ ခဏခဏ လိမ်းပါ။ ရေချိုးပြီးပြီးချင်းမှာ လိမ်းပါ။ နာရီ အနည်းငယ်ခြားပြီး မကြာခဏ ထပ်လိမ်းပါ။
– အလာဂျီနဲ့ တုံ့ပြန်မှု များစေတတ်တာတွေကို ရှောင်ပါ။ မကြာခဏ ရေဆေးခြင်း၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခရင်မ်၊ ဆပ်ပြာအဆီ၊ အရက် ပြန်၊ သနပ်ခါး၊ ပေါင်ဒါ၊ ဆေးမှုန့်အမျိုးမျိုး၊ ဓာတုပစ္စည်းများ၊ အသားခြောက်စေတတ်တာ များ ဖြစ်တယ်။
– အလုပ်ပြောင်းပါ။ မတည့်တာကို အမြဲကိုင်တွယ် နေရတာကနေ ကိုင်ဖို့မလိုတဲ့ အလုပ်မျိုးကို ဆိုလို တာ။
– စိတ်ဖိစီးမှု၊ တင်းကျပ်မှု လျှော့ချပါ။
– ချွေးထွက်များတာ၊ အသားခြောက်တာ ရှောင်ပါ။
– လက်ကို ထိခိုက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ပါ။
– အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
ဒါဆိုရင် ဒုက္ခပေးတတ်တဲ့ လက်ယားနာကို ဒုက္ခမပေးနိုင်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
– လက်ယားနာဖြစ်သူအများစုဟာ ကုသမှုခံယူရမှန်း မသိကြဘူး။
– လက်ဆိုတာ လူတိုင်း မဖြစ်မနေ အသုံးပြုနေရလို့ လက်ယားနာဖြစ်ရင် အလုပ်အကိုင်နဲ့ နေထိုင်မှုပုံစံကို အနှောင့်အယှက် ဖြစ်စေတယ်။
– လက်အသားအရေ ထိန်းသိမ်းပုံကို သိထားသင့်တယ်။
– စနစ်တကျကုသရင် ဘဝအရည်အသွေးကို ထိန်းထားနိုင်တယ်။
ဒေါက်တာစိုးဝင်းဦး
(အရေပြားအထူးကုဆရာဝန်ကြီး)