အလှဖျက်တဲ့ ဆားဝက်ခြံ

ဆားဝက်ခြံ

ဆားဝက်ခြံဆိုတာကလည်း ဝက်ခြံပဲ ဖြစ်ပါတယ်။ ဆားဝက်ခြံရယ်၊ ရိုးရိုးဝက်ခြံရယ်ဆိုပြီး မရှိပါဘူး။ သတ်သတ်စီ ခွဲထားလို့ မရပါဘူး။ ဝက်ခြံရဲ့လက္ခဏာတွေထဲမှာ ဆားဝက်ခြံလို အဖုငယ်တွေ၊ ထိပ်မှာ အမည်းစက် ဖြစ်နေတာတွေ၊ ရောင်နေတဲ့အဖု၊ ပြည်ဖု၊ ပြည်တည်နေတဲ့ အနာကြီးတွေ အားလုံးပါဝင်ပါတယ်။

ဆားဝက်ခြံဖြစ်တတ်သူတွေ

မျက်နှာအဆီထွက်များပြီး ချွေးပေါက်ပိတ်တတ်သူတွေမှာ ဆားဝက်ခြံအထွက်များပါတယ်။ တချို့က မျက်နှာအဆီ ထွက်များပေမဲ့ ချွေးပေါက်မပိတ်တတ်တဲ့အတွက် မျက်နှာအဆီပြန်တာပဲ ရှိတတ်တယ်။ ဝက်ခြံ မထွက်တတ်ပါဘူး။ တချို့ကျတော့ အဆီထွက်တာ အရမ်းမများဘူး။ ဒါပေမဲ့ ချွေးပေါက်ပိတ်တာများတော့ ဆားဝက်ခြံအထွက်များလာပါတယ်။ အဆီထွက်များပြီး ချွေးပေါက်ပိတ်တတ်သူတွေမှာတော့ ဆားဝက်ခြံအထွက်အများဆုံးပါ။ ချွေးပေါက်လို့ခေါ်ပေမဲ့ ချွေးအိတ်တင်မကဘဲ အဆီအိတ်တွေပါ ဒီအပေါက်ကနေပဲ အရေပြား မျက်နှာပြင်ပေါ်ကို ချွေးနဲ့ အဆီ စွန့်ထုတ်ကြတာပါ။ ချွေးပေါက်ပိတ်တော့ အဆီက အရေပြားမျက်နှာပြင်ပေါ် မထွက်နိုင်ဘဲ ခဲသွားပြီး အဖုတွေ ထွက်လာပါတော့တယ်။ အဲဒါကို ဆားဝက်ခြံလို့ ခေါ်နေကြတာပဲ ဖြစ်ပါတယ်။

ဝက်ခြံဖြစ်ဖို့ အခြေခံအကြောင်းရင်းတစ်ခုက မျက်နှာ အဆီထွက်များခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အဆီပြန်တတ်သူတွေက ဝက်ခြံပိုဖြစ်လေ့ရှိကြပါတယ်။ အစမှာတော့ ဆားဝက်ခြံအနေနဲ့ ဖြစ်ကြပါတယ်။ ညှစ်မိလို့ဖြစ်စေ၊ ပိုးဝင်လို့ဖြစ်စေ ဆားဝက်ခြံတွေ ရောင်ရမ်းပြီး အနီဖုတွေနဲ့ ဝက်ခြံ ဖြစ်ကြပါတယ်။ ဒီထက်ပိုဆိုးရင်တော့ ပြည်ထွက်ပြီး ပြည်ဖုဝက်ခြံတွေ ဖြစ်ပြန်ပါတယ်။ ထိုပြည်ဖုတွေ ပေါက်ထွက်တဲ့အခါတွင်လည်း အမာရွတ်ကျန်ပြီး အရုပ်ဆိုးစေပါတယ်။

ဆားဝက်ခြံကို စုပ်ခွက်နှင့် စုပ်ယူပြုပြင်ခြင်း

ဆားဝက်ခြံဖြစ်ရခြင်းအကြောင်းကို အထက်မှာ ဖော်ပြပြီးပါပြီ။ ဒါကို သက်သာစေချင်ရင် မျက်နှာအဆီပြန်တာကို ထိန်းဖို့ လိုအပ်ပါတယ်။ ဆက်လက်ပြီး ချွေးပေါက်ဝ အမြဲပိတ်တတ်သည်ကို လိမ်းဆေးသုံးပြီး ပြုပြင်ပေးရပါမယ်။ စုပ်ခွက်သုံးတာမျိုး၊ ညှစ်တံနဲ့ ညှစ်တာမျိုးတွေကို ယနေ့မှာ ကုသမှုအနေနှင့် မသုံးကြတော့ပေ။ အားမပေးတော့ဘူး။ ဒါကြောင့် မလုပ်သင့်ပါဘူး။

မျက်နှာ ကြေး(ဂျီး)ချွတ်ခြင်း

မျက်နှာကို ကြေး(ဂျီး)ချွတ်တာကို Scrub လုပ်တယ်လို့ ခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့အနှစ် ၃၀ ခန့်၊ ၁၉၈၀ ခုနှစ်များမှာ အရမ်းကိုပေါ်ပြူလာဖြစ်ခဲ့တဲ့နည်းလည်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အရေပြားကို ဆေးတစ်မျိုးမျိုးနဲ့ ပုံမှန်ထက်နည်းနည်း ပိုမိုပွတ်တိုက်စားပြီး အရေပြားအပေါ် လွှာက ကြေး(ဂျီး)၊ အဆီနဲ့ ဆဲလ်အဟောင်းတွေကို ဖယ်ရှားပစ်တာပါ။ အရေပြားအရောင်ပိုလက်ကာ ဆဲလ် အသစ်များ ပွားများပြီး ပိုမိုနုပျိုလာတယ်လို့ ဆိုပါတယ်။ လုပ်နည်းမှန်ရင် အတော်အသင့် အကျိုးရှိတဲ့နည်းလည်း ဖြစ်ပါတယ်။

လုပ်နည်းမှန်ရင်ဆိုတာက အရမ်းကြမ်းလို့ မရသလို အရမ်းပြင်းတဲ့ဆေးမျိုး မသုံးရဘူး။ တစ်ပတ် ၁ ကြိမ်၊ အလွန်ဆုံး ၂ ကြိမ်လောက်ပဲ ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အဲဒီလိုကြေး(ဂျီး)ချွတ်တဲ့ အာနိသင်ပါဝင်ပြီး ဖြစ်လေ့ရှိလို့ ကြေးချွတ်တာချည်းသတ်သတ် မသုံးကြ တော့ပါဘူး။

သဘာဝအသီးအနှံတွေနဲ့ မျက်နှာပြုပြင်ခြင်း၊ ပေါင်းတင်ခြင်း

သဘာဝအသီးအနှံတွေနဲ့ မျက်နှာပြုပြင်နည်း၊ ပေါင်းတင်နည်းတွေဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှုရှိပေမဲ့လည်း တစ်ခုမှတ်သားပေးပါ။ သဘာဝ ပဲ ဖြစ်ဖြစ်၊ ဓာတုနည်းပဲဖြစ်ဖြစ် မတည့်တာ ဖြစ်နိုင်ခြေ ရှိတယ်။ ဖြစ်တတ်တယ် ဆိုတာပါ။ ဥပမာ ကွမ်းရွက် ပေါင်းပြီး ကပ်ကြတာ ခေတ်စားခဲ့ဖူးပါသေးတယ်။ တချို့လည်း အခုထိလုပ်နေကြတာ ရှိတယ်။ ကွမ်းရွက်မှာပါတဲ့ သဘာဝအက်ဆစ်အပျော့စားကြောင့် မျက်နှာအသားအရေ နုပျိုလာစေတယ်။ ဒါပေမဲ့ ကွမ်းရွက်ရဲ့အစေးကြောင့် မတည့်တာဖြစ်ပြီး အဖြူနဲ့အမည်းကွက်တွေ ပါးမှာ ပေါ်လာပြီး နဂိုထက် ရုပ်ဆိုးသွားစေပါတယ်။ ဒါမျိုးဖြစ်လို့ လာပြတဲ့ လူနာတွေ မနည်းတော့ပါဘူး။ ကုရခက်တဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က မတည့်တာ ဖြစ်တတ်ရင်၊ အလာဂျီအခံရှိရင် သတိထားရပါမယ်။

ပေါင်းတင်တာရဲ့အခြေခံဟာ မျက်နှာအရေပြားကို ရေနွေးငွေ့နဲ့ ထိတွေ့စေပြီး လိမ်းဆေးလိမ်းပေးကာ အရေပြား အစိုဓာတ်ကို ထိန်းသိမ်းပေးတာပါ။ ဒါကြောင့် မိမိနဲ့အဆင်ပြေတဲ့ ပေါင်းတင်တာမျိုးကို တစ်လ ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကုဆရာဝန်ကြီး)